Sunday, June 29, 2014

အမေသို့

အမေ့အသက် ခြောက်ဆယ်ကျော်ခဲ့ပြီပေါ့နော်
အခုဆို သားတို့ကို ကျွေးမွေးခဲ့တာ
နှစ်နှစ်ဆယ် ကျော်ခဲ့ပါပြီ
အမေ့ကျေးဇူးကို ဒီနေ့ထိ 
တရက်မှ မမေ့နိုင်ခဲ့တာ အသေအချာပါ

ငယ်စဉ်တောင်ကျေး
ကလေးဘဝထဲက ကျွေးမွေးစောင့်ရှောက်
ပြုပြင်ပေးခဲ့တာ အမေပါဗျာ
သိတာတခုက အခုရွယ်ထိ အမေ့ကျေးဇူး 
ဘာတခုမှကောင်းကောင်း 
မပေးဆပ်နိုင်သေးတာပဲအမေ

သားတို့ငယ်ငယ်
ပါးစပ်လှုပ်တိုင်း သားတွေကို ထွေးပိုက်ပြီး
နို့ချိုတိုက်ခဲ့ဖူးတယ်နော်
အခုနေအခါ အမေပါးစပ်လှုပ်ရင်
ဘယ်သူတွေကများ ဂရုတစိုက် ထွေးပိုက်ပြီး
ကျွေးမွေးမှာပါလိမ့် သိချင်မိတယ်အမေ

ငယ်စဉ်ဘဝ ကျောင်းတက်စမှာ
အတန်းပြင် နေပူကျဲကျဲမှာ
အပြုံးမပျက် ထိုင်စောင့်ပေးခဲ့ဖူးတယ်နော်
အခုနေအရွယ် အမေဈေးဝယ်ရင်
မထစတမ်း ထိုင်စောင့်ပေးမယ့်သူဟာ 
ဘယ်သူများ ဖြစ်လေမလဲ
ဈေးသည်တော့ မဟုတ်တန်ရာနော်အမေ

ကျောင်းသွားခါနီး
သနပ်ခါးလူးရင် ကိုယ်တိုင်သွေးပြီး
ပါးပြင်နုနုပေါ် ဝလုံးလှလှလေးတွေ 
တင်ပေးခဲ့တာ မှတ်မိပါတယ် အမေ
အခုနေခါ အမေသနပ်ခါးလိမ်းရင်
ဘယ်သူတွေများ စောင့်ကြည့်ပြီး 
သွေးပေးချင်လဲ သိချင်မိတယ်အမေ

တခါတရံ ခေါင်းသုတ်ပေးရင်း
အုန်းရည်လှုပ်တဲ့အသံကြားရင် ကလေးတို့ဘာဝ 
ပျော်ရွှင်ရတာပေါ့
အခုနေအခါ အမေများခေါင်းလျှော်ရင်
ဘယ်သူတွေများ ဂရုတစိုက်
သုတ်ပေးချင်လဲ သိချင်မိတယ်အမေ

သားတို့ငယ်ငယ် ၆နှစ်အရွယ်မှာ
ပျင်းတိုင်းပုံပြောပြခဲ့ဖူးတယ်နော်
အခု၆၀ကျော်အရွယ် အမယ်အိုတယောက်ကို
အဖက်လုပ်ပြီး စကားပြောချင်သူကော
ဘယ်သူတွေများ ရှိသေးလဲ
သိချင်သေးရဲ့ အမေ

ကလေးတို့ဘာဝ ကစားကွင်းသွားချင်တိုင်း
အဝတ်အစားသစ်တွေ ဆင်ယင်ပြီး
နေရာစုံ လိုက်ပို့ခဲ့ဖူးတယ်နော်
အခုအရွယ် ရောက်တော့
တုန်ချိနေတဲ့ အမေ့လက်ကို ကိုင်ပြီး
ဘယ်သူတွေများ လိုက်ပို့ပေးမှာပါလိမ့်
တွေးပူမိတယ် အမေ

သားတို့ကငယ်ငယ် ကိုယ်တိုင်ဈေးဝယ်ပြီး
အမြဲ ချက်ကျွေးခဲ့ဖူးတယ်နော်
အခုအခါ အမေစားချင်သမျှ
ဂရုတစိုက်မေး ကျွေးမွေးပေးမယ့်သူ
အမေ့နားမှာ ဘယ်သူတွေများရှိသေးလဲ
ဖြေပေးပါဦးဗျာ

အခုခေတ်ခါ များပြားလာတဲ့
ဘိုးဘွားရိပ်သာတွေ တိုးတက်လာဖို့
အားကျိုးမာန်တက်လုပ်ဆောင်နေသူတွေဟာ
နောင်တခေတ်မှာ ဘယ်သူတွေများဖြစ်လာမလဲ 
မှန်းကြည့်ပေးပါဦး အမေ

နိုင်ငံခြားမှာ အဟောင်းပစ္စည်း 
လေလံဈေးနဲ့ တန်ဖိုးကြီး ပေး
အလုအယက်ပေးဝယ်ကြတယ်အမေ
ကိုယ့်ဆီမှာ ရှိတဲ့ပစ္စည်းလေးကို
တန်ဖိုးထားဖို့ နေနေသာသာ
အိမ်ထဲကအပြင်တောင် ထုတ်မကြည့်ပဲ
စွန့်ပစ်ထားရက်ကြတယ်အမေ

တွေးကြည့်ရင် ရယ်ချင်စရာပါ
အဟောင်းပစ္စည်း တန်ဖိုးထားသူတွေကို 
အမေတွေ့နိုင်ပါတယ်
အိမ်မှာ ရှိနေတဲ့ နှစ်ခြောက်ဆယ်ကျော်
ပစ္စည်းလေး တခုကိုတော့
ဘယ်သူမှ တယုတရ တန်ဖိုးထား ရိုသေရမှန်း 
မသိကြတော့ဘူး အမေ 

နောက်ဆုံးပေါ်ပစ္စည်းမျိုးစုံ
ပိုက်ဆံရှိသလောက် ဝယ်နိုင်ပါတယ်
အိမ်မှာရှိတဲ့ တန်ဖိုးအကြီးဆုံး
အဟောင်းပစ္စည်းလေးကိုတော့
တန်ဖိုးထားသူ မရှိတော့ပါဘူးအမေ

ခေတ်တွေက ပြောင်းသွားပြီအမေ
လူတွေ စိတ်ထဲမှာ ပိုက်ဆံမှ ပိုက်ဆံ
အလုအယက် ဖြစ်နေကြပြီ
အဖိုးတန်တဲ့ အချိန်တွေကို
အဖိုးမတန်တဲ့ လူတွေဆီမှာ ရောင်းစားပြီး
အဖိုးတန်ခဲ့သူတွေကို 
အဖိုးခနည်းနည်းတောင် ပြန်မပေးချင်တော့တဲ့
ခေတ်ကြီးရောက်ပြီအမေ

မေတ္တာ၊စေတနာကို တန်ဖိုးမထားသူတွေ
ကျေးဇူးမသိသူ၊ဘိုးဘွားပစ်မှားသူ ၊
ဆွေမျိုးညာတိ ပစ်ပယ်ထားသူ
များတဲ့ခေတ်မှာ လူဖြစ်ရတာလောက်
တန်ဖိုးမဲ့စရာ ရိှမယ်မထင်ဘူးအမေ

တခါတလေတော့လဲ
လောကကြီးကို ဟားတိုက်ရယ်မောချင်မိတယ်
ငယ်ငယ်က ဂရုတစိုက်ကျွေးမွေးခဲ့သူတွေကို
အသက်ကြီးလို့ လိုအပ်တဲ့အခါ
ဘယ်သူတွေများ အနားရှိနေမလဲ

ကံကံ၏ အကျိုး
သားတော့ ယုံကြည်တယ်အမေ
မေတ္တာစူးတာ သံစူးတာမဟုတ်ဘူး
သံစူးရင် မေးခိုင်ကာကွယ်ဆေးထိုးပြီး 
ကာကွယ်နိုင်တယ်အမေ
မေတ္တာစူးရင် ကုရန်နတ္တိ
ဆေးမရှိနိုင်တော့ဘူးလေ။

လူ့လောကမှာ အခက်အခဲပေါင်းစုံ
ကြုံဆုံခဲ့ရပါပြီ အမေ
ဒါတွေကို ကျော်လွှားဖို့ အားအင်တွေ
သားဆီမှာ အပြည့်အဝရှိခဲ့ပါပြီအမေ
အဲဒါအမေပေးခဲ့ဖူးတဲ့ 
မေတ္တာလက်နက်လေးတခုကြောင့်ပေါ့။

အခုအမေ အသက်ကြီးပြီ
အမေ့နားမှာ ဘယ်သူများမှ ရှိပါလေလိမ့်
သားကတော့ အမြဲသတိရနေဆဲပါ
ဘုရားမှာတော့ အမြဲဆုတောင်းမိပါသည်
နောက်ဆုံးထွက်သက်ထိ အမေ့နားမှာ 
အမြဲနေနိုင်ရပါလို၏။


ကဗျာသစ်
၂၉.၆.၁၄

No comments:

Post a Comment