Saturday, September 28, 2013

ပျောက်ဆုံးခဲ့သော နာရီတစ်လုံး

တခါက တောရွာတရွာမှာ လယ်သမားကြီး တစ်ယောက်ရှိတယ်။ သူဟာအလွန်သဘောကောင်းပြီး ဖော်ရွေတတ်တယ်။ နောက်ပြီး သံယောဇဉ်လဲကြီးတယ်။တနေ့မှာ သူအရမ်းတန်ဖိုးထားတဲ့ နာရီလေးဟာ စပါးကျီတွေထားရင်း နွားတင်းကုတ်ထဲမှာ ကျပျောက်သွားတယ်။ နာရီက တန်ဖိုးမရှိလှပေမယ့် နှစ်ပေါင်းများစွာ ဝတ်ဆင်လာခဲ့တာဖြစ်တော့ သူ့မှာယူကျုံးမရဖြစ်ရတယ်။ ဒါ့ကြောင့် ပျောက်ဆုံးသွားတဲ့နာရီလေးကို တွေ့ဖို့တနေကုန်ရှာဖွေခဲ့တယ်။ သူဘယ်လိုပဲ ရှာဖွေပေမယ့် အဲဒီနာရီကို ပြန်မတွေ့ရဘူး။ 
ဒီလိုနဲ့ ညနေရောက်တဲ့အခါ ကလေးငယ်တွေဟာ တင်းကုပ်ဘေးမှာ လာပြီး ဆော့ကစားကြတယ်။ ကလေးတွေရဲ့အသံကိုကြားလိုက်တဲ့အခါ အကြံတခုရသွားတယ်။သူတယောက်ထဲရှာတာထက်စာရင် လူတွေအများကြီးနဲ့ ရှာရင်တွေ့ဖို့အခွင့်အလန်း ပိုများမယ်ပေါ့။ ဒီလိုတွေးမိပြီး ကလေးငယ်တွေကို ခေါ်ပြီး အကျိုးအကြောင်းပြောပြလိုက်တယ်။ နာရီတွေ့တဲ့သူကို ထိုက်ထိုက်တန်တန်ဆုချမယ်လို့ မက်လုံးပေးလိုက်တယ်။ ဆုချမယ်လည်းသိရော ကလေးတသိုက်ဟာ "ဟေး"ကနဲအော်ပြီး ဝမ်းသာအားရ လိုက်ရှာကြတယ်။ 

ဒီလိုနဲ့အချိန်တွေ တဖြည်းဖြည်းကုန်ဆုံးလာပြီး ညရောက်ပြီး မှောင်သထက်မှောင်လာတယ်။ ဝမ်းသာအားရလိုက်ရှာနေတဲ့ကလေးတသိုက်ဟာ မတွေ့တဲ့အဆုံး တဖြည်းဖြည်းစိတ်ညစ်လာပြီး နောက်ဆုံးမှာအရှုံးပေးလိုက်တယ်။ ကလေးတသိုက်ဟာ လယ်သမားကြီးကို သူတို့မရှာနိုင်တော့တဲ့ အကြောင်း ပြောပြီး ထွက်သွားကြတယ်။ နောက်ဆုံးမှာ ကလေးတစ်ယောက်ဘဲ တင်းကုပ်ဘေးမှာ ကျန်ရစ်ခဲ့တယ်။ ထိုကလေးကိုမြင်တဲ့အခါ လယ်သမားကြီးက အံ့သြပြီး မေးပါတယ်။ 
"လူကလေး၊ မင်းမပြန်သေးဘူးလား။ မင်းသူငယ်ချင်းတွေတောင် ပြန်သွားပြီ။ဘာလို့ နေရစ်ခဲ့တာလဲ"
ကလေးငယ်က "ကျွန်တော် နောက်တကြိမ် ထပ်ရှာကြည့်ပါဦးမယ်။ ကျွန်တော့်ကို နောက်ထပ်အခွင့်အရေးတခုပေးပါ"လို့ တောင်းဆိုတယ်။ 
ဒီစကားကြားတဲ့အခါ လယ်သမားကြီးဟာ ဝမ်းသာအားရခွင့်ပြုပေးတယ်။ ဒါပေမယ့် တဖက်မှာလဲ ဒီလောက်လူအများကြီးရှာတာတောင်မတွေ့တဲ့ နာရီတလုံးကို တယောက်ထဲရှာရုံနဲ့ တွေ့နိုင်ပါ့မလား သံသယရှိတယ်။ 
သိပ်မကြာခင်မှာပဲ ကလေးငယ်ဟာ နွားတင်းကုပ်ထဲဝင်ပြီး ခဏနေတော့ ပြန်ထွက်လာတယ်။ သူ့လက်ထဲမှာ မတွေ့နိုင်တော့ဘူးလို့ ယူဆထားတဲ့ နာရီလေးကို ပြန်တွေ့လိုက်ရတယ်။ အဲဒီအခါ လယ်သမားကြီးဟာ အရမ်းအံ့အားသင့်သွားပြီး ဝမ်းသာအားရမေးတယ်။ လူအများကြီးရှာခဲ့တဲ့ နာရီကို တယောက်ထဲပြန်တွေ့အောင် ဘယ်လိုရှာခဲ့သလဲ သိချင်ခဲ့တယ်။ အဲဒီအခါ ကလေးငယ်က ပြုံးပြပြီး ပြန်ဖြေပါတယ်။ "ကျွန်တော် ဘာမှမလုပ်ခဲ့ပါဘူး။ မြေကြီးပေါ်ကို လက်ထောက်ပြီး နာရီကထွက်လာတဲ့ စက္ကန့်သံကို နားထောင်ရုံပါပဲ။ ခုနက လူတွေအများကြီး ဆူနေတော့ ဘာမှမကြားခဲ့ရဘူး။ အခုတယောက်ထဲ ဆိတ်ငြိမ်နေတော့ သွားနေတဲ့စက္ကန့်သံကို ကောင်းကောင်းကြားရပါတယ်။ အဲဒီနည်းနဲ့ ဒီနာရီကို တွေ့ခဲ့တာပါ" 
လယ်သမားကြီးဟာ အသက်ငယ်ငယ်နဲ့ ဥာဏ်ပညာထက်မြက်တဲ့ကလေးငယ်ကို အလွန်သဘောကျသွားပြီး ကောင်းကောင်းဆုချခဲ့ပါတယ်။စိတ်ကူးကောင်းတဲ့ လူတယောက်ဟာ စိတ်ကူးမကောင်းတဲ့ လူ၁၀ယောက်ထက် ပိုမိုအသုံးဝင်ပါလားဆိုတာ သူသဘောပေါက်သွားတယ်။ တခါတရံလူ့ဘဝကြီးက ဆန်းကျယ်လှပါတယ်။ လောဘ၊ဒေါသ၊မောဟတွေ ဖုံးလွှမ်းနေတဲ့ကမ္ဘာကြီးမှာ အမှန်တရားတွေ လိုက်ရှာဖို့၊ဖြေရှင်းဖို့ အပူတပြင်း ကြိုးစားတတ်ကြတယ်။အထူးသဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ကိစ္စတခုကို ဒေါသနဲ့ဖြေရှင်းချင်ကြတယ်။ စိတ်အေးအေးထားပြီး ပြဿနာကို မဖြေရှင်းကြဘူး။  ဒါ့ကြောင့် ဘယ်တော့မှ အမှန်ကို မတွေ့ကြဘူး။ တကယ်လိုအပ်တာက ကျွန်တော်တို့စိတ်မှာ ငြိမ်သက်နေတဲ့ပတ်ဝန်းကျင်တခု ရှိဖို့ပါပဲ။ တကယ့်ကို တခုတည်းပါ။ ပြဿနာတခုပေါ်လာတဲ့အခါ ကျွန်တော်တို့ရဲ့ စိတ်ကို နည်းနည်းလောက် ငြိမ်အောင် ထားကြည့်ပါ။ အဖြေက သင့်လက်တကမ်းအကွာမှာပဲရှိနေတာကို တွေ့ရပါလိမ့်မယ်။ 



ရောင်နီသစ်
၂၈.၉.၁၃
(the missing watchကို ခံစားရေးဖွဲ့ပါသည်။)

No comments:

Post a Comment