Wednesday, September 18, 2013

ဒေါသထွက်တဲ့အခါတိုင်း ဒီစာလေးကို သတိရပါ

တခါက အလွန်ဒေါသထွက်လွယ်ပြီး စိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိခဲ့ဖူးတယ်။ သူဟာ ဒေါသထွက်တတ်တာကြောင့် အမှားအယွင်းတွေလည်း မကြာခဏကျူးလွန်တတ်တယ်။ ဒီလိုနဲ့တနေ့မှာ ဖခင်ဖြစ်သူက အဲဒီကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်နဲ့ တူတစ်ချောင်း ပေးခဲ့တယ်။ 
"ငါ့သား မင်းဟာ သူများနဲ့မတူအောင် အရမ်းစိတ်ဆတ်၊စိတ်တိုလွယ်တယ်။ ဒီတော့ မင်းစိတ်ကို ထိန်းနိုင်ဖို့ ဟောဒီသံနဲ့ တူကို ယူထားပါ။ မင်းစိတ်ဆိုး ဒေါသထွက်တဲ့အခါတိုင်း အိမ်ရှေ့က ခြံစီးရိုးပေါ်မှာ ဟောဒီသံရိုက်ပြီး ဖြေဖျောက်ကြည့်ပါ။ မင်းဘယ်လောက်ဒေါသထွက်လွယ်တယ်ဆိုတာ အဲဒီသံချောင်းတွေက အဖြေပဲ။ မကြာခင်မှာ မင်းဒေါသတွေ တဖြည်းဖြည်း လျှော့နည်းလာပါလိမ့်မယ်"
          ကောင်လေးဟာ ဖခင်ပြောတဲ့အတိုင်း သူဒေါသထွက်လာတဲ့အခါမျိုးမှာ သံရိုက်ပြီး ဖြေဖျောက်ကြည့်တယ်။ ပထမရက်အတွင်းမှာပဲ သံချောင်း ၄၀လောက် ရိုက်ပြီး ဖြစ်နေတယ်။ ဒီလိုနဲ့ နေ့စဉ်ရက်ဆက်ရိုက်လာခဲ့တာ တလလောက်ကြာတဲ့အခါ သူ့စိတ်ကို တဖြည်းဖြည်း ထိန်းလာနိုင်ခဲ့တယ်။ အလားတူရိုက်တဲ့သံအရေအတွက်ကလည်း တဖြည်းဖြည်း ပိုနည်းလာတယ်။ နောက်သုံးလလောက်ကြာတဲ့အခါ သူ့စိတ်ကို လုံးဝထိန်းထားနိုင်ပြီး သံရိုက်ဖို့ မလိုတော့တဲ့ အခြေအနေမျိုး ဖြစ်လာတယ်။ ဒါပေမယ့် အိမ်ရှေ့ခြံစည်းရိုးမှာတော့ သံရိုက်ရာတွေ အမြောက်အမြားနဲ့ပေါ့။ အဲဒီနေ့မှာပဲ ကောင်လေးဟာ ဝမ်းသာအားရနဲ့ဖခင်ဖြစ်သူထံပြေးပြီး သူ့စိတ်ကိုသူ ထိန်းထားနိုင်ပြီဖြစ်တဲ့အကြောင်း ပြောပြခဲ့တယ်။ ထိုအခါ ဖခင်ဖြစ်သူက အသာအယာပြုံးလိုက်ပြီး "မင်းစိတ်ကို အခု ထိန်းထားနိုင်ခဲ့ပြီ မဟုတ်လား။ မင်းရိုက်ခဲ့တဲ့သံတွေ၊မင်းဒေါသထွက်တဲ့အချိန်တွေ ဘယ်လောက်များတာ လက်တွေ့မင်းသိပြီ မဟုတ်လား။ ဒါပေမယ့်  ခြံစည်းရိုးတခုလုံး မင်းရိုက်ထားတဲ့သံတွေနဲ့ပြည့်နေတယ်။လူဆိုတာ ကိုယ်လုပ်တဲ့အလုပ်ကို ကိုယ်တာဝန်ယူရမယ် ငါ့သား။ ဒီတော့ မင်းလုပ်ခဲ့တာကို မင်းပြန်ပြီး ပြုပြင်ပါ။ဒါ့ကြောင့် မင်းရိုက်ခဲ့တဲ့သံတွေကို မင်းပြန်ခွာပေတော့"ဖခင်ဖြစ်သူကပြောပြီး လှည့်ထွက်သွားတော့ ကောင်လေးက ငေးငိုင်ပြီး ကျန်ရစ်ခဲ့ရှာတယ်။
          နောက်ရက်မှာ ကောင်လေးဟာ သူရိုက်ခဲ့တဲ့သံတွေကို စခွာတယ်။ ရိုက်တဲ့အခါ လွယ်ကူပေမယ့် ပြန်ခွာရတာ ခက်ခဲတာ သူသိလာတယ်။ လုပ်တာလွယ်ပေမယ့် ပြုပြင်ရတာ ပိုပင်ပန်းတာ တဖြည်းဖြည်း ပိုနားလည်လာတယ်။ ဒီလိုနဲ့ သံချောင်းတွေကို နေ့စဉ်ရက်ဆက်ခွာလာလိုက်တာ နောက်ဆုံးမှာ သူရိုက်သမျှသံတွေအကုန် ပြန်နှုတ်နိုင်ခဲ့တယ်။ ဒီတခါလည်း ဖခင်ဖြစ်သူထံသွားပြီး သူရိုက်သမျှ သံချောင်းတွေ အကုန်လုံးခွာပြီးဖြစ်တဲ့အကြောင်း ဝမ်းသာအားရပြောရှာတယ်။ ထိုအခါ ဖခင်ဖြစ်သူက ခြံစည်းရိုးကို လက်ညှိုးထိုးပြပြီး " ငါ့သား မင်းကြည့်စမ်းပါဦး၊ သံတွေအကုန်ခွာပြီးပေမယ့် အရင်တုန်းက အနာအဆာမရှိခဲ့တဲ့ နံရံမှာ သံရိုက်ရာတွေနဲ့ ဘယ်လောက်အကျဉ်းတန်သွားလဲ။ မင်းရိုက်ခဲ့တဲ့သံတွေအကုန်နှုတ်ယူလိုက်ပေမယ့် ကျန်ခဲ့တဲ့အနာအဆာတွေကို အစရင်ကအတိုင်းဖြစ်အောင် ဘယ်လိုပြန်ပြီး ပြုပြင်မလဲ။ ပြုပြင်လို့ မရတော့ဘူး။ ဘယ်လိုပဲပြုပြင်ပါစေ အရင်ကနဲ့ လုံးဝတူတော့မှာ မဟုတ်ဘူး။ လူ့လောကမှာလဲ ဒီလိုပဲပေါ့။ မင်းစိတ်လိုက်မာန်ပါ လုပ်ခဲ့တဲ့အလုပ်တွေရှိရင် နောက်ပိုင်းမှ နောင်တရနေလဲအပိုပဲ။ ပြန်လည်အစားထိုးလို့မရတော့ဘူးလေ။ အစကတည်းက စိတ်ကိုထိန်းနိုင်ခဲ့ရင် ဒီလိုဖြစ်စရာအကြောင်းမရှိတော့ဘူး။အကယ်၍ လူတယောက်ကို ဓါးနဲ့အချက်ပေါင်းများစွာထိုးပြီးမှ ကျွန်တော်တောင်းပန်ပါတယ် ဘယ်လိုပဲဆိုဆို အဲဒီလူကအသက်ရှင်နိုင်တော့မှာမှ မဟုတ်တာ။ အစကတည်းက ကိုယ့်စိတ်ကိုမထိန်းနိုင်ရင် နောင်တချိန်မှ နောင်တရနေလို့လည်း အပိုပဲပေါ့။ ဒါလေးကိုသင်ခန်းစာယူပြီး နောက်ဆိုရင် ကိုယ့်စိတ်ကို အမြဲထိန်းနိုင်အောင် ကြိုးစားပေတော့ ငါ့သား" ဖခင်ဖြစ်သူက ကောင်လေးပခုံးကို အသာအယာပုပ်လိုက်ပြီး ပြုံး၍ လှည့်ထွက်သွားလေသည်။ ကောင်လေးစိတ်ထဲတွင် ဖခင်ဖြစ်သူပြောစကားများက ပဲ့တင်ထပ်နေသည်။"မင်းဘယ်လိုပဲ ပြုပြင်ပြောင်းလဲပါစေ၊အရင်ကနဲ့ လုံးဝတူတော့မှာ မဟုတ်ဘူး"တဲ့။
လောကမှာ ပုထုဇဉ်မှန်ရင် ဒေါသမထွက်တဲ့ လူဆိုတာတော့ မရှိပါဘူး။ ဒါပေမယ့် အမှားအယွင်းနည်းအောင် မိမိဒေါသကို တတ်နိုင်သလောက် ချိုးနှိမ်နိုင်ရင် အကောင်းဆုံးမဟုတ်လား။ ဒေါသထွက်တဲ့အခါတိုင်း သည်စာလေးကို သတိရပြီး မိမိဒေါသတွေကို ထိန်းချုပ်နိုင်သူဖြစ်ကြပါစေ။

ကဗျာသစ်
၁၇.၉.၁၃

(the fenceကို ခံစား၍ ဘာသာပြန်ပါသည်။)

No comments:

Post a Comment