Saturday, September 14, 2013

ချစ်ခြင်းမေတ္တာရဲ့ လက်ဆောင်မွန်

တခါက သားသမီးအရူးအမူး လိုချင်တဲ့ လင်မယားနှစ်ယောက် ရှိခဲ့တယ်။ သူတို့ဟာ အသက်ကြီးမှ အိမ်ထောင်ကျတော့ သားသမီးရတနာလေး တစ်ယောက်လောက်ရရင်ကောင်းမှာပဲလို့ တွေးခဲ့မိကြတယ်။ ကံကြမ္မာက သူတို့နှစ်ယောက်ကို မျက်နှာသာပေးခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူတို့သိပ်လိုချင်ခဲ့တဲ့ ကိုယ်ဝန်ရှိလာခဲ့တယ်။ ဒီလိုနဲ့ ဆေးရုံတစ်ခုမှာ သူ့ရဲ့ သားရတနာလေးကို မွေးဖွားခဲ့တယ်။ အသက်ကြီးတာအပြင် နှလုံးရောဂါအခံရှိတာကြောင့် ကလေးငယ်ကို ခွဲပြီး မွေးဖွားခဲ့ရတယ်။ မွေးဖွားပြီးစအမေဖြစ်သူဟာ အားအင်ကုန်ခန်းတဲ့ကြားထဲက သူ့ရဲ့သားဖြစ်သူရဲ့မျက်နှာကို မြင်ချင်ခဲ့တယ်။သူ့မှာ ဒီလိုနေ့မျိုး စောင့်နေခဲ့တာ ကြာပြီမဟုတ်လား။
"ကျွန်မ သားလေးကို ကြည့်လို့ ရမလားရှင်"
အသစ်စက်စက်မိခင်ဖြစ်သူက မွေးဖွားပေးသော ဆရာဝန်ဖြစ်သူအား ကြည့်ရင်း မေးလိုက်သည်။ ဆရာဝန်ဖြစ်သူက ဖြေးညင်းစွာ ခေါင်းညိတ်ပြလိုက်ပြီး ကလေးငယ်ကို အနှီးထုပ်နေသော သူနာပြုဆရာမဖြစ်သူအား တချက်လှမ်းကြည့်လိုက်သည်။ ဆရာမက အလိုက်သတိ သူ့လက်ထဲမှာ ပိုက်ထွေးထားသော ကလေးငယ်အား မိခင်လက်ထဲသို့ ထည့်ပေးလိုက်သည်။ မိခင်က ထုပ်ပိုးထားသော အနှီးကလေးကို တယုတရပိုက်ထွေးလျက် ကလေးငယ်၏ မျက်နှာကို ချစ်ခင်စွာ တချက်ကြည့်လိုက်သည်။ ထိုနောက် မိခင်က ကလေးငယ်အား နမ်းရှုပ်ဖို့ ပါးတွင်ဖုံးအုပ်နေသော အနှီးကလေးအား အသာဖွင့်လှစ်လိုက်သည်။ထိုအချိန်တွင် ဆရာဝန်က ဆေးရုံ၏ ပြတင်းပေါက်ဆီသို့ မျက်နှာလွဲရင်း ကြည့်နေမိသည်။ ကလေးကို နမ်းရှုတ်ဖို့လုပ်နေသော မိခင်ဖြစ်သူမှာ သားငယ်၏ပါးပြင်ကို ကိုင်ရင်း ရုတ်တရက် ဆို့နင့်သွားသည်။
"ဘုရားရေ...ကလေးငယ်မှာ နားရွက်နှစ်ဖက် ပါမလာပါလား။"
ရုတ်တရက် အမေဖြစ်သူ၏ မျက်လုံးထဲတွင် မျက်ရည်များ ဝိုင်းလာပြီး တချက်ငေးငိုင်သွားတယ်။ ထို့နောက် သတိပြန်ဝင်လာပြီး ကလေးငယ်အား ပွေ့ဖက်ရင်း ဆရာဝန်နဲ့ ဆရာမကို တချက်လှမ်းကြည့်ရင်း ပြုံးလိုက်လေသည်။
"ကျွန်မသားလေးက ချစ်စရာ ကောင်းလိုက်တာ....ကျွန်မကို ဒီလိုချစ်စရာကောင်းတဲ့ သားလေးမွေးဖွားပေးတဲ့ ဆရာတို့ကို ကျေးဇူးတင်ပါတယ်"  မိခင်ဖြစ်သူက ပြောရင်း ချစ်စရာကလေးငယ်ကို နမ်းရှုတ်လိုက်လေသည်။
           အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးလာခဲ့သည်။ ကလေးငယ်မှာ မွေးရာပါနားနှစ်ဖက် ချို့ယွင်းနေသော်လည်း အကြားအာရုံ ကောင်းမွန်ခဲ့သည်။ မိဘနှစ်ပါးမှာ တဦးတည်းသောသားဖြစ်သူကို မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ချစ်ခင်ခဲ့ကြသည်။ ဒီလိုနဲ့ ကလေးငယ်မှာ ကျောင်းနေအရွယ်ရောက်လာခဲ့သည်။ ထိုအခါမျိုးတွင် ကျောင်းမှပြန်လာတိုင်း ကလေးငယ်မှာ မိခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ ပြေးဝင်ရင်း ငိုကျွေးတတ်သည်။ "အမေ...သားကို ကျောင်းက သူငယ်ချင်းတွေက လူထူးဆန်းတဲ့။ သားကိုလည်း နားမပါလို့ စာသင်လို့မရဘူးတဲ့။ သူတို့လို နားပါမှ စာသင်လို့ရတာတဲ့။ ပြီးတော့ သားကိုလည်း မပြည့်စုံတဲ့သူတဲ့။သားကျောင်းဆက်မတက်ချင်တော့ဘူး အမေ"
မိခင်ဖြစ်သူရင်ထဲတွင် ဆို့နင့်သွားသည်။ 
"သားရယ်.... သားကို မပြည့်စုံဘူးလို့ ဘယ်သူပြောလဲ။ သားတနေ့ပြည့်စုံတဲ့သူ ဖြစ်လာမှာပါ။ ကျောင်းဆက်တက်ပါသားရယ်။ အမေ ကတိပေးပါတယ်။ သားတနေ့ ပြည့်စုံတဲ့သူ သေချာပေါက်ဖြစ်လာမှာပါ" 
မိခင်ဖြစ်သူမှာ မျက်ရည်ဝဲနေသော မျက်လုံးအစုံဖြင့် ကြည့်ရင်း သားငယ်ဖြစ်သူအား အားပေးစကားပြောကြားခဲ့သည်။
           ဒီလိုနဲ့ သားငယ်ဖြစ်သူမှာ တဖြည်းဖြည်းကြီးပြင်းလာရင်း လူပျိုပေါက်အရွယ်သို့ ရောက်ရှိလာသည်။ ကံမကောင်းအကြောင်းမလှ၍ နားနှစ်ဖက်ချို့တဲ့နေသော်လည်း ထူးထူးခြားခြားရုပ်ရည်ပြေပြစ်သလို ကျောင်းစာတွင်လည်း တော်လှသည်။ သို့သော် ချို့ယွင်းချက်ရှိသူ ဖြစ်တဲ့အလျောက်  အမြဲစိတ်အားငယ်နေခဲ့သည်။ထိုအတောအတွင်း ဖခင်ဖြစ်သူမှာ ဆရာဝန်များနှင့် တိုင်ပင်၍ သားဖြစ်သူ၏ နားရွက်အား ကုသဖို့ အစဉ်အမြဲကြိုးစားနေခဲ့သည်။နောက်ဆုံးတွင် ခွဲစိတ်ဆရာဝန်ဖြစ်သူက ဖခင်ဖြစ်သူအား ဤသို့ ကတိပေးခဲ့သည်။
" ကလေးနားကို ခွဲစိတ်ကုသဖို့အတွက် ကျွန်တော် တာဝန်ယူပါတယ်။ ဒါပေမယ့် နားအလှူရှင်ရှာဖို့ကတော့ ခင်ဗျားတို့တာဝန်ဘဲ။ ခက်တာက အလှူရှင်တွေ့ရင်တောင် ကလေးနဲ့အမျိုးအစားချင်းတူဖို့ လိုသေးတယ်။ အဲဒါတော့ ခင်ဗျားတို့ ခက်ခက်ခဲခဲရှာရလိမ့်မယ်။ အကယ်၍ အလှူရှင်တွေ့ရင်တော့ ကျန်တာ ကျွန်တော့တာဝန်ထားပါ"
            နှစ်အနည်းငယ်ကြာတဲ့အခါ ဖခင်ဖြစ်သူက ပြုံးရွှင်စွာဖြင့်"သားရေ မင်းအတွက်အခွင့်ကောင်းပဲ။ ခုတင်ပဲ ဆေးရုံက ဖုန်းလှမ်းဆက်တယ်။ နားအလှူရှင် ရှိတယ်တဲ့။ အဲဒါ ဆေးရုံလာပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပါတဲ့။ ဒါပေမယ့် အလှူရှင်က သူ့အမည်ကို မပြောဖို့ တားမြစ်ထားတယ်။ ဘာပဲဖြစ်ဖြစ် နားလှူမဲ့သူရှိတဲ့အတွက် ငါတော့ ဝမ်းသာမိတယ်" 
သားဖြစ်သူမှာ အလွန်ပျော်ရွင်သွားပြီး ဘေးနားမှာ တိတိတဆိတ် နားထောင်နေတဲ့မိခင်ဖြစ်သူအား လှမ်းကြည့်ရင်း ပြုံးပြလိုက်သည်။
            သိပ်မကြာခင်မှာပဲ ခွဲစိတ်မှုဟာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့တယ်။ ဒီလိုနဲ့သားဖြစ်သူဟာ ပြည့်စုံတဲ့လူသားတစ်ယောက် ဖြစ်လာခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ သားဖြစ်သူဟာ အိမ်ထောင်ကျပြီး ကိုယ့်စီးပွားရေးနဲ့ ကိုယ်အလုပ်ရှုပ်နေခဲ့တယ်။ အားတဲ့အချိန်လောက်သာ မိဘတွေဆီလာတတ်တယ်။ လာတဲ့အချိန်တိုင်းမှာ သူ့ရဲ့နားအလှူရှင်ကို မရမကမေးမြန်းတတ်တယ်။ "ကျွန်တော့်အတွက် နားအလှူရှင်ကို ကျွန်တော် ကျေးဇူးပြန်ဆပ်ချင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ သူ့ကျေးဇူးဟာ အဖေတို့လိုပဲ ကျွန်တော့်အပေါ်အများကြီးရှိပါတယ်။ အခုချိန်ထိ သူ့အတွက်ဘာမှလုပ်မပေးနိုင်သေးဘူး။ ကျွန်တော့်ကို သိခွင့်ပေးပါနော်"
ဖခင်ဖြစ်သူက သားဖြစ်သူအားကြည့်ရင်း "သားရယ်တနေ့တော့ မင်းသိရမှာပါ။ သူနဲ့ ဖေဖေတို့ကြားမှာ ကတိကဝတ်တွေခံထားတာ အများကြီးရှိတယ်။ နောက်ပြီး သူ့ကျေးဇူးတွေကို ဆပ်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ အခုလောလောဆယ်တော့ မင်းသိလို့မဖြစ်သေးဘူး။သူက လည်း မသိစေချင်သေးဘူးလေ" ဖခင်ဖြစ်သူက မချိပြုံးပြုံးရင်း ပြောပြလေသည်။
            တနေ့မှာတော့ သူတို့မိသားစုအပေါ် ကံဆိုးမိုးမှောင် ကျလာခဲ့တယ်။ မိခင်ဖြစ်သူဟာ နှလုံးရောဂါကြောင့် ရုတ်တရက် ဆုံးပါးသွားခဲ့တယ်။ သားဖြစ်သူဟာ ဆုံးပါးသွားပြီဖြစ်တဲ့ မိခင်ကိုစိုက်ကြည့်ရင်း မျက်ရည်တွေ သွင်သွင်စီးဆင်းလာတယ်။ ဖခင်ဖြစ်သူက သေဆုံးပြီး ခြောက်သွေ့နေဖြစ်တဲ့ မိခင်ရဲ့ ဆံပင်တွေကို ဖွဖွကိုင်လိုက်ရင်း သားဖြစ်သူအား ဝမ်းနည်းသံဖြင့် လှမ်းပြောလိုက်သည်။
"မင်းအမေက မင်းကိုမွေးပြီး နောက်ပိုင်းကတည်းက သူ့ဆံပင်တွေကို ဘယ်တုန်းကမှ မရိတ်ခဲ့ဘူး။ သူ့ဆံပင်တွေကိုတန်ဖိုးထားတာထက် သူပိုပြီးတန်ဖိုးထားတာက မင်းကိုပဲ။ မင်းကြီးပြင်းလာတဲ့တနေ့ကျရင် မင်းအတွက် လက်ဆောင်ပေးဖို့ မင်းမွေးကတည်းက သူကြိုတင်ပြင်ဆင်ခဲ့တယ်"
ဖခင်ဖြစ်သူက ပြောပြောဆိုဆို ကိုင်ထားသော အညိုရောင်သမ်းနေပြီဖြစ်တဲ့ ဆံပင်တွေကို အသာဖွဖွပွတ်ရင်း ဘေးသပ်လိုက်သည်။ ထိုအခါ သားဖြစ်သူမှာ ရုတ်တရက် မျက်လုံးပြူးသွားရင်း ကြက်သေသေသွားလေတော့သည်။ကမ္ဘာလောကကြီး တခုလုံး မှောင်မိုက်သွားသလို ခံစားလိုက်ရသည်။
"ဘုရား ဘုရား.... မေမေ့ဆီမှာ နားရွက်နှစ်ဖက် မရှိတော့ပါလား။ ဒါဆိုငါ့ဆီမှာ ရှိတဲ့နှစ်ရွက်နှစ်ဖက်က..............."
သားဖြစ်သူမှာ ရှေ့ဆက်မတွေးရဲတော့ဘဲ ငေးငိုင်သွားတော့သည်။
ဖခင်ဖြစ်သူက မချိပြုံးပြုံးရင်း ဆက်ပြောပြန်သည်။ 
"မင်းမေမေဟာ ဘယ်တုန်းကမှ အလှမပျက်ခဲ့ပါဘူး။ သူဟာ မင်းတို့ငါတို့အတွက် အစဉ်ထာဝရလှပနေတဲ့ မိန်းမတစ်ယောက်ပါ"
ထိုစဉ်သားဖြစ်သူမှာ ငေးငိုင်နေလျက် ငယ်စဉ်က မိခင်ဖြစ်သူပြောခဲ့ဖူးသော စကားတစ်ခွန်းကို ပြန်လည်အမှတ်ရသွားမိသည်။ "အမေ ကတိပေးပါတယ် သားရယ်။ သားတနေ့ ပြည့်စုံတဲ့သူ သေချာပေါက်ဖြစ်လာမှာပါ" 

ရောင်နီသစ်
၁၄.၉.၁၃

No comments:

Post a Comment